တရားလွှတ်တော်ရှေ့နေ ဦးကိုနီအသတ်ခံရမှုမှာ စွဲချက်အတင်ခံထားရတဲ့ အောင်ဝင်းထွန်းကို ဒီကနေ့ (ဖေဖော်ဝါရီလ ၂၂ ) ရက်နေ့မှာ မြောက်ပိုင်းခရိုင်တရားရုံးက အာမခံသူနှစ်ဦး ငွေကျပ်သိန်း ၅၀၀ နဲ့ အာမခံပေးလိုက်ပြီလို့ သိရပါတယ်။
အောင်ဝင်းထွန်းစွဲချက်တင်ခံရတဲ့ ပုဒ်မ ၂၁၂ က ရာဇ၀တ်ကျင့်ထုံး ၄၉၆ အရ အာမခံပေးရမယ့် ပုဒ်မ ဖြစ်နေတာကြောင့် တရားရုံးက အာမခံ ပေးခဲ့တာဖြစ်ပြီး အောင်ဝင်းထွန်းက ထွံက်ပြေးတိမ်းရှောင်မှာ မဟုတ်ကြောင်းနဲ့ သက်သေတွေ အားလုံးကို ဖျက်ဆီးနိုင်တဲ့ အခြေအနေ မရှိကြောင်း အဲဒီအချက် ၂ ချက်ပေါ်မူတည်ပြီး အာမခံပေးလိုက်တာ ဖြစ်တယ်လို့ ဦးကိုနီရဲ့ ရှေ့နေ ဦးနေလက ပြောပြပါတယ်။
“ဥပဒေပြဌာန်းချက်အရ အာမခံပေးတာ မှန်ပါတယ်။ သို့သော် ပေးသင့်၊ မပေးသင့် စဉ်းစားတဲ့အခါမှာ သက်သတွေ အားလုံးကို ဖျက်ဆီးမလား ၊မဖျက်ဆီးဘူးလားဆိုတာက ဒီအမှုမှာ အငြင်းပွားဖွယ်ရှိလာ နိုင်ပါတယ်။ ဆိုလိုတာက တရားရုံးကို ခြိမ်းခြောက်တဲ့ မင်းတို့ ထမင်းဝအောင်စားထားဆိုတဲ့ စာတန်းပါ ၀တ်ထားတဲ့လူလေးဦးနဲ့ အောင်ဝင်းထွန်းက ပတ်သက်နေတာကိုတွေ့ရတယ်။ အဲဒီလို တရားဥပဒေ စိုးမိုးမှုမရှိတဲ့ လူတွေနဲ့ ပတ်သက်တဲ့သူက သက်သေတွေကို မဖျက်ဆီးပါဘူးဆိုတဲ့ သုံးသပ်ချက်က ဒီအမှုမှာ တကယ်စဉ်းစားစရာဖြစ်နေပါတယ်” ရှေ့နေဦးနေလက ဓူဝံသတင်းဌာနကို ပြောပါတယ်။
ဒီနေ့ပြုလုပ်ခဲ့တဲ့ ၄၅ ကြိမ်မြောက်ရုံးထုတ်မှာ ပြန်ခေါ်သက်သေ ခြောက်ဦးကို စစ်ဆေးခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၂၃ ရက် ရုံးချိန်းမှာ နောက်ထပ် ငါးဦး စစ်ဆေးမယ်လို့ သိရပါတယ်။
ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုမှာပါဝင်တဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနဲ့ ဇေယျာဖြိုးတို့ကို ဖေဖော်ဝါရီ ၉ ရက်နေ့က စွဲချက်တင်ခဲ့ပြီး သေနတ်သမား ကြည်လင်းအပါအ၀င် အောင်ဝင်းဇော်နဲ့ ဇေယျာဖြိုးတို့ကို ကြိုတင်ကြံစည်ချက်နဲ့ ပူးပေါင်းကြံစည်လူသတ်မှု ပုဒ်မ ၃၀၂(၁)(ခ)/၃၄ နဲ့ အောင်ဝင်းထွန်းကို ပြစ်မှုကျူးလွန်သူကိုလက်သင့်ခံခြင်း ပုဒ်မ ၂၁၂ နဲ့ အသီးသီး စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။
NLD ပါတီရဲ့ ဗဟိုဥပဒေအထောက်အကူပြု အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ့ ဦးကိုနီကို ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၂၉ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်သမားကြည်လင်းက သေနတ်နဲ့ အနီးကပ်ပစ်ခတ်လုပ်ကြံခဲ့တာ ဖြစ်ပါတယ်။
Photos : Shwe Inn Thar Khin Maung Win, 7DayDaily
 
 

 
      
     
 Myanmar Kyat Exchange Rate
    Myanmar Kyat Exchange Rate

Post a Comment