စမတ်ဖုန်းအဟောင်းတစ်လုံးကို အိမ်လုံခြုံရေးကင်မရာအဖြစ် ဘယ်လိုအသုံးပြုမလဲ
မော်ဒယ်သစ်ဖုန်းလေးတစ်လုံးဝယ်ပြီးသွားလို့ အရင်မော်ဒယ်ဟောင်းဖုန်းကို ဘာလုပ်ရမှန်းမသိ ဖြစ်နေပါသလား။ ပြန်ရောင်းထုတ်ဖို့အတွက်ကလည်း ဈေးကောင်းမရလို့ မရောင်းချင်ဘူးဆိုရင်တော့၊ ဒီဖုန်းအဟောင်းလေးကို သင့်အိမ်အတွက် အကျိုးရှိရှိအသုံးချလို့ရကြောင်း သတင်းကောင်းပါးပါရစေ။
မိတ်ဆွေရဲ့ စမတ်ဖုန်းအဟောင်းဟာ အသုံးပြုလို့ရတဲ့အနေအထားမှာရှိသေးပြီး၊ ကျောကင်မရာကလည်း ကောင်းသေးတယ်ဆိုရင် လုံခြုံရေးကင်မရာအဖြစ် အသုံးချလို့ရပါတယ်။ အိမ်လူဝင်လူထွက်ကို စောင့်ကြည့်တာ၊ ညဘက်ကလေးအိပ်ပျော်နေတာကို စောင့်ကြည့်တာ၊ အိမ်မှာမွေးထားတဲ့တိရစ္ဆာန်လေးတွေကို စောင့်ကြည့်တာ စသဖြင့် ကိုယ်လိုအပ်သလိုလို အမျိုးမျိုးအသုံးပြုနိုင်မှာပါ။ ပြုလုပ်နည်းကလည်း အရမ်းလွယ်ကူပါတယ်။
၁။ ပထမဆုံး လုံခြုံရေးကင်မရာအက်ပလီကေးရှင်းတစ်ခု ရယူပါ။ (Android အတွက်)
ဖုန်းကို လုံခြုံရေးကင်မရာအဖြစ် ပြောင်းပေးနိုင်တဲ့ အက်ပလီကေးရှင်းတော်တော်များများရှိပေမယ့်၊ အများစုက ပိုက်ဆံနဲ့ဝယ်ယူရတဲ့ app တွေဖြစ်သလို၊ အသုံးပြုရလည်း ခက်ခဲပါတယ်။ ယခုဖော်ပြပေးမယ့် app နှစ်ခုကတော့ အခမဲ့ဖြစ်ပြီး၊ လှုပ်ရှားမှုအာရုံခံနိုင်စွမ်းပါတာကြောင့် ကင်မရာမြင်ကွင်းမှာ တစ်ခုခုလှုပ်ရှားတာနဲ့ အချက်ပေးသံထမြည်မှာဖြစ်ပါတယ်။
Security camera app တွေထဲမှာ လူကြိုက်အများဆုံးနဲ့ အကောင်းဆုံး အခမဲ့ app နှစ်ခုကတော့ IP Webcam နဲ့ Alfred တို့ ဖြစ်ပါတယ်။ ပထမဦးဆုံး Alfred နဲ့ ပြုလုပ်နည်းကို ဖော်ပြပေးပါမယ်။ Alfred သုံးရတာက အရမ်းလွယ်ကူမှုရှိပြီး၊ ဖုန်းအဟောင်းနဲ့ အသစ်မှာ gmail တစ်ခုတည်းဝင်ပေးဖို့နဲ့ Wi-Fi ကွန်ရက်တစ်ခုတည်း ချိတ်ထားဖို့ပဲ လိုပါတယ်။
hqdefault
Alfred app (https://play.google.com/store/apps/details?id=com.ivuu) ကို ဖုန်းအဟောင်းကော အသစ်မှာပါ သွင်းပေးပါ။
ဖုန်းအဟောင်းမှာ သွင်းပြီးရင် ‘Camera’ လို့ ရွေး၊ ဖုန်းအသစ်မှာတော့ ‘Viewer’ လို့ ရွေးပေးပါ။
ပြီးရင် မိမိ Gmail နဲ့ ဖုန်းနှစ်ခုလုံးမှာ Sign-in ဝင်ပေးပါ။ Gmail အတူတူပဲဖြစ်ရပါမယ်။
ဒါဆိုရင်တော့ သင့်ဖုန်းအဟောင်းကင်မရာကရိုက်နေသမျှကို ဖုန်းအသစ်ကနေ တိုက်ရိုက်ကြည့်နိုင်ပြီဖြစ်ပါတယ်။ ကွန်ပြူတာကကြည့်ချင်ရင်လည်း app က ဖော်ပြထားတဲ့ URL အတိုင်း ကွန်ပြူတာဘရောက်ဆာမှာ ရိုက်ထည့်ပြီးကြည့်နိုင်ပါတယ်။
အိမ်နဲ့အဝေးရောက်နေတဲ့အချိန်မျိုးမှာလည်း အင်တာနက်ကနေ တိုက်ရိုက်စောင့်ကြည့်တာမျိုး လုပ်နိုင်ပါတယ်။ ဒီအတွက် ဖုန်းအဟောင်းမှာပါ အင်တာနက်လိုင်းချိတ်ပေးထားရမှာပါ။ Motion Sensor ပါဝင်တာကြောင့် ကင်မရာမြင်ကွင်းမှာ လှုပ်ရှားမှုတစ်ခုခုဖမ်းမိတာနဲ့ မေးလ်ထဲကို ပုံပို့ပြီး အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။
၂။ IP Webcam ကို အသုံးချနည်း

IP Webcam ဟာ Wi-Fi နဲ့ ကော အင်တာနက် clound နဲ့ပါ စောင့်ကြည့်ပေးနိုင်တဲ့ ကင်မရာ app တစ်ခုဖြစ်ပြီး၊ ဘယ်နေရာရောက်နေနေ ဗီဒီယိုတိုက်ရိုက်ကြည့်ပြီး စောင့်ကြည့်နိုင်ပါတယ်။
ip-webcam
ပထမဦးဆုံး IP Webcam (https://play.google.com/store/apps/details?id=com.pas.webcam)  ကို Google Play Store ကနေ ဖုန်းအဟောင်းမှာ ဒေါင်းလုဒ်ဆွဲပေးပါ။
IP Webcam ကို ဖွင့်လိုက်တာနဲ့ settings ပေါ်လာမှာဖြစ်ပြီး၊ ဗီဒီယိုရုပ်ထွက်၊ ပါဝါခြွေတာမှု၊ လှုပ်ရှားမှုနဲ့ အသံအာရုံခံမှုတို့ကို သုံးချင်ရင် enable လုပ်ပေးပါ။
လုံခြုံရေးကင်မရာအဖြစ်သုံးမယ့် ဖုန်းအဟောင်းနဲ့ စောင့်ကြည့်မယ့်ဖုန်း (သို့) ကွန်ပြူတာကို Wi-Fi ကွန်ရက်တစ်ခုတည်းမှာ ချိတ်ဆက်ထားပေးပါ။
Wi-Fi ချိတ်ပြီးပြီဆိုရင် ဖုန်းအဟောင်းမှာ အောက်ဆုံးက Start နေရာကို နှိပ်ပြီး၊ ဗီဒီယိုတိုက်ရိုက်လွှင့်နိုင်ပြီဖြစ်ပါတယ်။ IP address နဲ့ port number ပေးပါလိမ့်မယ်။ မှတ်ထားလိုက်ပါ။
ဖုန်းအဟောင်းက ရိုက်ကူးနေတဲ့ဗီဒီယိုကို စောင့်ကြည့်ချင်တယ်ဆိုရင် ဖုန်းအသစ်က ဘရောက်ဆာတစ်ခုခုမှာ ခုနမှတ်ထားတဲ့ IP address နဲ့ Port number ကို URL နေရာမှာ ရိုက်ပေးလိုက်ရုံနဲ့ တိုက်ရိုက်ကြည့်ရှုနိုင်မှာပါ။ ဒီနည်းက Wi-Fi ကွန်ရက်တစ်ခုတည်းမှာပဲ အလုပ်လုပ်တာဖြစ်တာကြောင့် အိမ်နေရင်း ကလေးအိပ်ရာကို စောင့်ကြည့်တာ၊ အိမ်ပြင်ဘက် လူဝင်လူထွက်စောင့်ကြည့်တာ၊ နာမကျန်းဖြစ်နေသူကို စောင့်ကြည့်တာ စတဲ့ အိမ်တွင်းစောင့်ကြည့်မှု လုပ်ငန်းတွေ လုပ်နိုင်မှာဖြစ်ပါတယ်။
ခရီးထွက်နေတဲ့အချိန်မျိုး၊ အလုပ်သွားနေတဲ့အချိန်မျိုးမှာ အဝေးတစ်နေရာကနေ စောင့်ကြည့်ချင်တယ် ဆိုရင်တော့ အင်တာနက်လိုင်းလိုမှာဖြစ်ပြီး၊ ivideon.com မှာ Register လုပ်ပြီး၊ log-in ဝင်ရောက်လိုက်တာနဲ့ အဝေးကနေ မိမိအိမ်ကို စောင့်ကြည့်ထားနိုင်မှာပါ။
IP Webcam app မှာ ဗီဒီယိုကွာလတီရွေးတာ၊ အသံကွာလတီရွေးတာ၊ လှုပ်ရှားမှုအာရုံခံစနစ်ထည့်တာ၊ အချက်ပေးအသံထည့်တာ စတဲ့ လုပ်ဆောင်ချက်အများအပြား လုပ်ဆောင်နိုင်ပါတယ်။
ဖုန်းအဟောင်းကို လုံခြုံရေးကင်မရာအဖြစ် တစ်နေကုန်စောင့်ကြည့်ချင်တယ်ဆိုရင် အားသွင်းကြိုးတပ်ကာ၊ ပလပ်ပေါက်နဲ့ နီးတဲ့နေရာမှာ ထားပြီး၊ မြင်ကွင်းလိုသလိုချိန်ကာ စောင့်ကြည့်နိုင်ပါတယ်။ အားသွင်းထားစဉ်မှာ အပူမလွန်ကဲအောင်လို့ ဖုန်းကာဗာတွေ ဖြုတ်ထားပေးပါ။ အကယ်၍ ခေတ္တခဏပဲ စောင့်ကြည့်မှာဆိုရင်တော့ သာမန်ဖုန်းတစ်လုံးက တခြားဟာတွေမသုံးဘဲ၊ ကင်မရာချည်းဖွင့်ထားတာဆိုရင် ဘက်ထရီက ခြောက်နာရီကျော်ကျော်လောက် ခံနိုင်တာကြောင့် စိတ်ပူစရာမလိုပါဘူး။
iOS အတွက် လုံခြုံရေးကင်မရာ app

iPhone အဟောင်းတစ်လုံးကို လုံခြုံရေးကင်မရာအဖြစ် သုံးချင်တယ်ဆိုရင်တော့၊ Manything ဆိုတဲ့ app က တော်တော်ကောင်းမွန်ပါတယ်။
Manything ကို အခမဲ့ဒေါင်းလုဒ်ရယူနိုင်ပြီး၊ အခမဲ့အစီအစဉ်မှာ ကင်မရာတစ်လုံးနဲ့ record အခမဲ့လုပ်ဆောင်နိုင်မှာပါ။ Cloud recording ပါ သုံးချင်တယ်ဆိုရင်တော့ တစ်လကို အနည်းဆုံး ၄ ဒေါ်လာလောက် ပေးသွင်းပေးဖို့ လိုပါတယ်။
Manything ကို App Store ကနေ ဖုန်းနှစ်လုံးစလုံးမှာ သွင်းပေးပါ။
iPhone အဟောင်းမှာ Settings ထဲဝင်ပြီး၊ General ထဲက Auto Lock ကို ပိတ်ပေးပါ။
Manything မှာ Facebook အကောင့် (သို့) ဂျီမေးလ် အသုံးပြုပြီး register လုပ်ပေးပါ။
iPhone အဟောင်းမှာ Camera mode ကို ရွေးပေးပြီး၊ ဖုန်းအသစ်မှာတော့ Viewer mode ပြောင်းပေးပါ။
ထို့နောက် ဖုန်းအဟောင်းကနေ အနီရောင်ခလုတ်ကို နှိပ်ပြီး၊ live stream စလွှင့်နိုင်ပြီဖြစ်ပါတယ်။
ဖုန်းအသစ်မှာ livestream လွှင့်နေတဲ့ ဖုန်းပေါ်လာမှာဖြစ်ပြီး၊ တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဖုန်းမရှိရင်လည်း ကွန်ပြူတာကနေ manything.com ကနေ ဝင်ကြည့်နိုင်ပါတယ်။
Manything မှာ နှစ်ဖက်အပြန်အလှန်ပြောနိုင်တဲ့ လုပ်ဆောင်ချက်ပါဝင်တာကြောင့် ကိုယ့်အိမ်က ခွေးလေး၊ကြောင်လေးတွေကို ဖုန်းအသစ်ကနေ လှမ်းစကားပြောနိုင်မှာဖြစ်ပါတယ်။

creadit- Tin Maung Aye
 
 Myanmar Kyat Exchange Rate
    Myanmar Kyat Exchange Rate

Post a Comment